Friday, October 23, 2020

ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း ( Rich And Poor)

ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း Rich And Poor ဟာ နှိုင်းရသဘောတရား Relativity မို့ လူတွေရှိနေသရွေ့ ဒါတွေဟာ ရှိနေမှာပဲ။ ယနေ့ခေတ် မော်ဒန် Poor တွေဟာ အရင်ခေတ်များစွာက လူချမ်းသာတွေမပိုင်ခဲ့တဲ့ အရာတွေကို ပိုင်ဆိုင်ကြတယ်။

ဘယ်ခေတ်မှာမဆို စီးပွါးရေးမှာ ချမ်းသာသူနဲ့ ဆင်းရဲသူ Rich And Poor ပြဿနာရှိမယ်။ ဘယ်ခေတ်မှာမဆို နိုင်ငံရေးမှာ အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံလူတွေကြားမှာ တင်းမာမှုတွေရှိမယ်။ လူမှုရေးမှာလည်းအလားတူ အတန်းစားကွဲပြားမှုတွေရှိမယ်။ တကယ်တမ်းပြောရရင် ကားလ်မတ်စ်ဟာ အရင်းရှင်စနစ် Capitalism ကို မကြိုက်ခဲ့တာ မဟုတ်ဘူး။ အရင်းရှင်ခေတ်ဦးရဲ့ မညီမျှမှု Inequality ကိုသာ မနှစ်မြို့ခဲ့တာ ဖြစ်တယ်။

ခေတ်တစ်ခေတ်ရဲ့ အခြေအနေမှန်ကို သဘောပေါက်နားလည်ပြီး မတူညီသော အတန်းစားတွေကြား မတူညီသောရည်ရွယ်ချက် Self Interest တွေကြား အလယ်အလတ်လမ်း Win-Win situation ကို ရှာဖွေနိုင်သော န်ိုင်ငံရေး စီးပွါးရေး လူမှုရေး ခေါင်းဆောင်တွေဟာ ခေတ်အဆက်ဆက်မှာ လိုအပ်တယ်။ အဲ့ဒီလို ခေါင်းဆောင်မျိုးကိုပဲ ခေါင်းဆောင်ကောင်းလို့ သတ်မှတ်ဖွယ်ရာရှိတယ်။

တနည်းအားဖြင့်လည်း လူလတ်တန်းစား Middle Class များပြားလာခြင်းဟာ လူတန်းစား ကွာဟမှုတွေကို လျော့နည်းစေတယ်။ မညီမျှမှု Inequality ကို လျော့နည်းစေတယ်။ အဲ့ဒါကြောင့် အသေးစားနဲ့အလတ်စားလုပ်ငန်း SME တွေ ဖွံဖြိုးတိုးတက်လာဖို့ဟာ အရေးကြီးတယ်။

လူလတ်တန်းစားတွေဟာ လူချမ်းသာတွေ ဆင်းရဲသူတွေနဲ့ အရမ်းမကွာဟလေ လူမှုအဖွဲ့အစည်းတစ်ခုရဲ့ မညီမမျှမှုဟာ လျော့နည်းလေဖြစ်တယ်။ အဲ့ဒါမှသာလျှင် ယဉ်ကျေးတိုးတက်တဲ့ လူ့အဖွဲ့အစည်းလို့ ဆိုနိုင်မယ်။

တန်းတူတန်ဖိုး (Par Value)

စာရင်းအင်း Accounting ကို လေ့လာရင်းနဲ့ တန်းတူတန်ဖိုး Par Value ဆိုတဲ့အရာကို သတိထားစိတ်ဝင်စားမိတယ်။ Stock Share Price စတော့အစုရှယ်ယာစျေးနူန်းတွေကို ဖော်ပြတဲ့ နေရာမှာ သုံးတာကိုလည်း တွေ့မိတယ်။ ဒါပေမဲ့လည်း ကုန်ပစ္စည်းတွေတိုင်းအတွက် တန်းတူတန်ဖိုး Par Value ရရှိအောင်လုပ်ဆောင်နိုင်ဖို့ဆိုတာ တကယ်လက်တွေ့မှာ မလွယ်ကူမှန်းကိုလည်း သဘောပေါက်မိတယ်။

သဘောက မိုးကုတ်မြို့က ဘဏ်တစ်ခုမှာ စုထားတဲ့ ငွေတစ်သိန်းကို မန္တလေးဘဏ် သို့မဟုတ် ရန်ကုန်ဘဏ် တစ်ခုခုမှာ ပြန်ထုတ်ယူလည်း ငွေတစ်သိန်း ရနေခြင်းဟာ တန်းတူတန်ဖိုး Par Value ကြောင့်ဖြစ်တယ်။ အဲ့ဒါကို ထူဆန်းတယ်လို့ ဒီနေ့ ဘယ်သူမှထင်မှာ မဟုတ်ကြပေမဲ့လည်း မိုးကုတ်မြို့မှာထွက်တဲ့ မုံညင်းကို မိုးကုတ်မှာဝယ်ဝယ် မန္တလေးမှာဝယ်ဝယ် ရန်ကုန်မှာဝယ်ဝယ် စျေးနူန်းတူညီနေမယ်ဆိုရင်တော့ အံ့သြကောင်း အ့ံသြမိကြလိမ့်မယ်။ အဲ့ဒီလို တစ်စျေးနူန်းထဲဖြစ်အောင် လုပ်နိုင်ရင်တော့ အဲ့ဒါဟာ တန်းတူတန်ဖိုး Par Value ကို တည်ဆောက်နိုင်လို့ပဲ ဖြစ်တယ်။

တနိုင်ငံလုံးအတွက် ယေဘူယျအားဖြင့် တူညီသော ဆန်စျေး ဆီစျေး ဖြစ်ဖို့ ကုန်စျေးနူန်း တည်ငြိမ်ဖို့ဟာ တန်းတူတန်ဖိုး Par Value ကို တည်ဆောက်နိုင်ရင်ဖြစ်တယ်။ ကုန်စည်လဲလှယ်ဒိုင် Commodity Exchange Center တွေဟာ တန်းတူတန်ဖိုး Par Value ရရှိဖို့ ကြိုးစား အကောင်အထည် ဖော်လေ့ရှိကြတယ်။ ဝယ်ရောင်းလုပ်ကိုင်ကြသူ Dealers တွေဟာလည်း စားသုံးသူတွေအတွက် တန်းတူတန်ဖိုး Par Value တည်ဆောက်လေ့ရှိကြတယ်။

တန်းတူတန်ဖိုး Par Value ဟာ စားသုံးသူ Consumer တွေအတွက် အကျိုးများစေသလို နိုင်ငံတစ်ခုအတွက်လည်း စျေးနူန်းတည်ငြိမ်ရေး Price Stability ဆိုတဲ့ စီးပွါးရေး ရည်ရွယ်ချက်တစ်ခုကို ပြီးမြောက်စေတယ်။